အောင်လံမြို့နယ်၌ လူနေဆိုင်ခန်းများပေါ်သို့ နှစ်(၈၀)ခန့် တမာပင်ကြီး လဲကျမှုဖြစ်ပွား

အောင်လံ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ယမန်နေ့ညနေ (၃)နာရီအချိန်ခန့်က တရော် ကုန်းရပ်ကွက် ပြည်လမ်း၊ သမဝါယမပိုင် ဆိုင်ခန်းဖြစ်သည့် အငှားဆိုင်ခန်း(၃)ခန်းပေါ်သို့ လုံးပတ်(၁၅) ပေခန့်၊ အရှည်(၆၀)ပေခန့်၊ သက်တမ်းနှစ်(၈၀)ခန့်ရှိ တမာပင်သည် အောက်ခြေအမြစ်များ ဆွေးမြေ့ကာလဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ပွားမှုနေရာသို့ မြို့နယ်မီးသတ်စခန်းမှ (3J-3772) နီဆန်းအုပ်ချုပ်မှုယာဉ်ဖြင့် မြို့နယ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးစီးသောသန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၆၀)ဦးတို့သည် ဆိုင်ခန်းများပေါ်သို့ လဲကျသည့်သစ်ပင်သစ်ကိုင်းများအားရှင်းလင်းဆောင်ရွက်ခြင်း၊ ဈေးဆိုင်ခန်းများအတွင်းရှိ ကုန်ပစ္စည်းများအား ဘေးလွတ်ကင်းသည့်နေရာသို့ ပြောင်းရွှေ့နေရာချထားပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပွားရာ နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သစ်ပင်လဲကျမှုကြောင့် ဆိုင်ခန်းအငှား ဦးမောင်မောင်ဦး၏ ဆိုင်ခန်းသွပ်မိုး၊ အုတ်ညှပ် (၁၀x၃၀x၁၂)ပေ၊ တစ်ထပ်မုန့်ဆိုင်တွင် (၁၀)ပေသွပ်(၂၄)ချပ်၊ (၄x၂)ပျဉ်(၁၈)ပေ(၄)ချောင်း၊ (၃x၂)ပျဉ်(၁၀)ပေ (၂၄)ချောင်း ပျက်စီး၊ ဦးသောင်းနိုင်ဦး၏ ဆိုင်ခန်း သွပ်မိုး၊ အုတ်ညှပ်၊(၁၀x၂၅x၁၀)ပေ မီးဖိုခန်းပေါ်သို့ လဲကျရာ (၁၂)ပေသွပ်(၁၀)ချပ်၊ (၃x၂) ပျဉ်(၁၀)ပေ(၈)ချောင်း၊ ဦးဇော်မျိုးဝင်း၏ ဆိုင်ခန်း (၁၀x၃၀x၁၂)ပေ၊ တစ်ထပ် မိတ္တူဆိုင်တွင် (၁၂)ပေသွပ်(၈)ချပ်၊ ဟော်လိုချောင်း(၁၀)ပေ(၄)ချောင်း ပျက်ဆီးခဲ့ပြီး လူနှင့်အခြားတိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)