ကျောက်ဆည် စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စမာကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ပဲတီစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။
ပဲတီသီးနှံသည် စိုက်ပျိုးရာတွင် မြေပြုပြင်၍ မျိုးစေ့ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ဘောင်များပြုလုပ်၍ စိုက်ပျိုးခြင်း ဟူ၍ (၂)မျိုးစိုက်ပျိုးနိုင်ပြီး ဘောင်စနစ်ဖြင့် စိုက်ပျိုးပါက ရေသွင်းရေထုတ် လိုအပ်သလို ပြုလုပ် နိုင်သဖြင့် အပင်ဖြစ်ထွန်းမှုကောင်းရာ အထွက်နှုန်းပိုမိုသေချာကြောင်း၊ ခူးဆွတ်ရာတွင်လည်း (၅)ရက်ခြား ခူးရကာ အခွံပါးသည့် အတောင့်အမျိုးအစားဖြစ်သောကြောင့် အစေ့ထုတ်ရာတွင် နေလှန်းကာ အလွယ်တကူ ထုတ်ယူ၍ရသဖြင့် တောင်သူများအတွက် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းတဲ့အတွက် ပဲတီစိုက်ခင်းများ အပင်ကောင်းပြီး အသီးသီးနှုန်းလည်း ပိုလာပါတယ်၊ မိုးနည်းသော နှစ်များတွင် ပဲတီတစ်ဧကတင်း(၂၀)လောက်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် တင်း(၃၂)ခန့် ထွက်ရှိကြောင်း ရောင်းဈေးအနေဖြင့် တစ်တင်း ငွေကျပ်(၃၅၀၀၀)ဈေး ရောင်းချရကြောင်း မကျီးတောကျေးရွာ မှ ပဲတီစိုက် တောင်သူ ဦးပေါသိန်းက ပြောပြသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတီသီးနှံကို စီမံကိန်းသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိပြီး သင်းတွဲ နည်းပညာပေး (Centre)တွင် (၅၀၉၂)ဧက၊ သင်းဒီး နည်းပညာပေး(Centre)တွင် (၆၁၈)ဧက၊ စမာ နည်းပညာပေး (Centre)တွင် (၇၀၀)ဧက၊ တမုတ် နည်းပညာပေး(Centre)တွင်(၂၀၄)ဧက စုစုပေါင်း (၆၆၁၄)ဧက စိုက်ပျိုးထားကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)