မိုင်းဆတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးက ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် (၅၈၃၂၀၀၀၀) ကို ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်း က လက်ခံ ရယူခဲ့သည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများမှ အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်(၇၆၃)ဦးနှင့် အသက်(၂)နှစ်အောက်ကလေးငယ် (၅၃၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၄၅၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၅၈၃၂၀၀၀၀)ကို သက်ဆိုင်ရာ ရပ်/ကျေးစာရေးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံသို့ စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှ ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်မှာ ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ်အောက်ကလေးများ သေဆုံးမှုနှုန်း လျော့ချနိုင်ရန်၊ မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံး နိုင်စေရန်၊ အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် နာတာရှည်ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန်နှင့် မိသားစု စီးပွားရေးထိခိုက်မှု လျော့နည်းသက်သာစေရန်၊ ဘေးဒုက္ခများ ဖြစ်ပွားလာပါက မိသားစုအာဟာရ အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် ကျန်းမာသန်စွမ်းသော နိုင်ငံသားကောင်းရတနာ များပေါ်ထွန်းလာကာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြရန် ရည်ရွယ်ပြီး ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)