မြောက်ဦး စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းများတွင် ခိုလှုံရန်ရောက်ရှိနေကြသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၈ နာရီက သတ်မှတ်စုရပ်(၃)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကာကွယ် ဆေးများအား ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် တိုက်ပွဲရှောင်စခန်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ဝန်ထမ်း များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေး ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်စခန်းမှ စခန်းတာဝန်ခံများ ပူးပေါင်း၍ (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်များ ဖြစ်သော မြတန်ဆောင်း တိုက်ပွဲရှောင်စခန်း၊ ဘုရားပေါ်တိုက်ပွဲရှောင် စခန်းနှင့် လေးမြို့စား တိုက်ပွဲရှာင်စခန်းများမှ အသက် (၁၈)နှစ်အထက် ပြည်သူများအား (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ သွေးတိုးရောဂါနှင့် ဇီးချိုရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ပုံမှန်အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေး ဆက်လက် ထိုးနှံပြီးသူများ မိနစ်(၃၀)ခန့် အနားယူစောင့်ကြည့်ပြီးမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ မြောက်ဦးမြို့ ပေါ်ရပ်ကွက်များရှိ တိုက်ပွဲ ရှောင်စခန်း(၃)ခုမှ အသက်(၁၈)နှစ်အထက် (၂၃၀)ဦး ပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)