ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဒဂုံမြောက်  စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄၈) ရပ်ကွက် ဗထူးလမ်းရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ထားသော ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက် ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို မြို့နယ်ကိုဗစ် ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိနေသော အသက် ၆၅နှစ်အထက် ဘိုးဘွားများနှင့် ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အနေဖြင့် ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၂၀၀၀ နှင့် Sinovac ဆေးအလုံးရေ ၁၀၀၀ ရရှိပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၀ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၂၆၄  ဦး ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)