ပွင့်ဖြူ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဩဂုတ် (၂၉)ရက်နေ့က စတင်ပြီး ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခဲ့ရာ ယနေ့အထိ စုစုပေါင်း ဒေသခံပြည်သူ (၅၃၈၉) ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် အသက်အရွယ်ကြီးရင့်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေး အခက်အခဲရှိသော ပြည်သူများ အဆင်ပြေစွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် Volunteer အဖွဲ့ဝင်များက လိုအပ်သည်များကို နေ့စဉ် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး ယနေ့ ဒေသခံပြည်သူ (၆၈) ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ၊ သံဃာတော်များနှင့် သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ ၊ အခြား ပုဂ္ဂလိကမှ ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်မှ ဝန်ထမ်းများ ၊ အကျဉ်း/အချုပ်သားများ ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ ၊ Volunteer အဖွဲ့ဝင်များ ၊ ဈေးသည်များနှင့် အသက်(၁၈) နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းဦးရေ ၆၀၉၂ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံခဲ့သူများကို ယခု ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ စုစုပေါင်း (၅၃၈၉) ဦး ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)