ဝါးခယ်မ စက်တင်ဘာ ၁၁
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အလှူရှင်များ စုပေါင်း လှူဒါန်းထားသော အောက်ဆီဂျင်ထုတ်စက်ရုံမှ အောက်ဆီဂျင် စတင်စမ်းသပ်ထုတ်လုပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ရွာလယ်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ရွှေခယ်ဇီဝိတအောက်ဆီဂျင် စက်ရုံ၌ ကျင်းပခဲ့ကြာင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တ ဝိမလာစာရ အမှူးပြုသော သံဃာတော် (၁၁)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိဖများ တက်ရောက်ခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ဝိမလာစာရထံမှ သြဝါဒခံယူ၍ သံဃာ တော်များက အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ဦးဆောင်ဆရာတော် ဘဒ္ဒန္တ ဇဝနက ပြည်သူများ၏ ကျန်းမာရေးအတွက် အောက်ဆီဂျင်အခမဲ့ လှူဒါန်းနိုင်ရန် စီမံဆောင်ရွက်ထားမှု အခြေအနေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က အောက်ဆီဂျင်စက်ရုံ၊ အောက်ဆီဂျင်စက်နှင့် ထရန်စဖော်မာတို့အား အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် တည်ထောင်ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို့ ရှင်းလင်း လျှောက်ထားခဲ့ပြီး အောက်ဆီဂျင်စက်အား စမ်းသပ်လည်ပတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံသစ်မှာ အလျား(၆၀)ပေ၊ အနံ(၅၀)ပေ၊ အမြင့်(၁၇)ပေ၊ Steel Structure အမျိုးအစား၊ (၁)ထပ် အဆောက်အဦဖြစ်ပြီး ကုန်ကျတန်ဖိုးငွေကျပ်(၄၀၀)သိန်း၊ အောက်ဆီဂျင်စက်မှာ တရုတ်နိုင်ငံထုတ် (Oxygen Generator, Model NTFO - 50) အမျိုးအစား၊ တစ်နေ့ထုတ်လုပ်နိုင်မှု (၄၀) လီတာအိုး(၂၀၀)လုံး၊ ကာလတန်ဖိုးငွေကျပ် (၁၁၀၀)သိန်းနှင့် လျှပ်စစ်ထရန်စဖော်မာမှာ (315)KVA ကာလ တန်ဖိုးငွေကျပ်(၄၀၁)သိန်း ဖြစ်ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)