ဒလမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များနှင့် သာမဏေများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးပေး

ရန်ကုန် စက်တင်ဘာ ၁၁

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် တတိယလှိုင်းကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်တိုက်များမှ   သံဃာတော်များနှင့် သာမဏေများ ၂၅ ပါး အထက်ရှိသော ကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနိုင်ခြင်းကြောင့် ကူးစက်မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့် စစ်ဆေးပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘုန်းတော်ကြီး ကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန Swab Team အဖွဲ့မှ မှော်စက်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းမှ  သံဃာတော်  ၁၆  ပါး၊ သာမဏေ ၆ ပါး၊ ဝေယျာဝစ္စဆောင်ရွက်သူ ၂ ဦး ၊ ကျန်စစ်သား ရပ်ကွက်ရှိ (ရွှေကျင်) မိုးကုတ်ကျောင်းတိုက်မှ သံဃာတော်  ၂၃ ပါး၊ သာမဏေ  ၉  ပါး၊ သီလရှင် ၄ ပါး၊ ဝေယျာဝစ္စ ဆောင်ရွက်သူ ၁၁ ဦးတို့အား RDT ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်းသိရသည်။  ယမန်နေ့က  ကမာကသွယ်ရပ်ကွက်ရှိ မဟာသုမနာရာမ ကျောင်းတိုက်မှ သံဃာတော် ၂၇ ပါး၊ ဝေယျာဝစ္စဆောင်ရွက်သူ  ၁၀ ဦး၊ ဗညားဒလရပ်ကွက်ရှိ နန်းဦးကျောင်းတိုက်မှ သံဃာတော် ၄၂ ပါး၊ သာမဏေ ၅၂ ပါး နှင့် ဝေယျာဝစ္စဆောင်ရွက်သူ ၂၁ ဦး တို့ကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးခဲ့ရာ သံဃာတော်များနှင့် သာမဏေများ အားလုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း၊ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ကျန်ရှိနေသော သံဃာတော်များနှင့် သာမဏေများ  ၂၅ ပါး အထက်ရှိသော ဘုန်းတော်ကြီးကျောင်းများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ /မရှိ စစ်ဆေးပေးခြင်းနှင့် ရောဂါပိုးတွေ့ရှိပါက လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဒလမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းပေါင်း ၈၉ ကျောင်းရှိပြီး ရဟန်း ၉၁၀ ပါး၊ သာမဏေ ၄၆၂ ပါး၊ စုစုပေါင်း ၁၃၇၂ ပါး ရှိကြောင်း၊ ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ သံဃာတော် ၁၅၃ ပါး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ သံဃာတော် ၁၂၁ ပါး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နိုင်လင်းကျော်(IPRD)