မင်းလှ စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ စက်တင်ဘာ ၁၀ ရက်နေ့လည် ၁ နာရီခွဲအချိန်က အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် အကျိုးခံစား ခွင့်(၃) လစာထောက်ပံ့ငွေပေးအပ်ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
လူမှုရေးပင်စင်ပေးအပ်ခြင်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းနှင့် သာယာဝတီခရိုင် လူမူဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာပေါင်း(၆၆)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက်အဘိုးအဘွား(၉၄၅) ဦးအတွက် ဧပြီလ၊ မေလ၊ ဇွန်လများအတွက်လူမှုရေးပင်စင်အကျိုး ခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် (၂၈၃၅၀၀၀၀) အား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကိုရပ်ကွက်/ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များ၊ စာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ သက်ကြီးဘိုးဘွားများထံ ထောက်ပံ့ငွေများကို အိမ်တိုက်ရာရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ