လေးမျက်နှာ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် လေးမျက်နှာ မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းတွင် အသံချဲ့စက်ဖြင့် ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများမှ လှည့်လည်အသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရ သည်။
ထို့သို့ လှည့်လည်အသိပေနှိုးဆော်ရာတွင် မိမိတို့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားမှုဖြစ်နေသဖြင့် လူအများ ဒုက္ခဆင်းရဲများ ဖြစ်ကြပြီး သေဆုံးမှုမြင့်မားလျက်ရှိပါတယ်။ ကူးစက်ပြန့်ပွားနေမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးနေပြီး ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို လျှင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ် ကြောင်း၊ ပြည်သူများအနေဖြင့် လက်ရှိအခြေအနေမှာ အရေးကြီးဆုံးက တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးဆက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ မိမိနေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် နေအိမ်မှ အပြင်ထွက်သည့်အခါ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေအကွာမှာ ခပ်ခွာခွာနေရန် Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများ ရှောင်ကျဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်း ရှောင်ကြရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာ အောင်စနစ်တကျ ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်း မပြုဘဲပါးစပ်၊ နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ရန်၊ လေဝင်၊ လေထွက် မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ပြီး လေဝင်၊ လေထွက်ရှိအောင် လုပ်ကြပါ၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ၊ ပါးစပ်နှင့် နှာခေါင်းစည်း Maskများကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါပိုးကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက် အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)