ကျောက်ပန်းတောင်း စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လပထမပတ်(ကဆုန်လပြည့်ကျော် ၁၀ ရက်၊ ၁၁ ရက်) တွင် ရွာသွန်းသည့် မိုးဖြင့် စိုက်ပျိုးခဲ့ကြသည့်၊ သုံးလပဲခေါ် ပင်ထောင်မြေပဲများ နှုတ်သိမ်းနေ ကြပြီးဖြစ်ကြောင်း သိရပြီး၊ မိုးဦးကောင်းသည့်အတွက် မြေပဲအထွက်ကောင်းကြပြီး ဈေးကောင်းရရှိရန်သာ မျှော်လင့်နေကြရကြောင်း မြေပဲစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကဆုန်လပြည့်ကျော်(၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ တောင်သူများ လုပ်ငန်းခွင့်ဝင်ခဲ့ကြပြီး၊ သုံးလပဲ(ခေါ်) ပင်ထောင်မြေပဲကို စိုက်ပျိုးရာသီတွင် အချို့ တောင်သူကြီးများက ကိုယ်တိုင် မျိုးချန်စိုက်ပျိုး ကြသော်လည်း အချို့တောင်သူများမှာ စိုက်ပျိုးရာသီရောက်မှသာ ဈေးကြီးပေး၍ ဝယ်ယူစိုက်ပျိုး ကြကြောင်းနှင့် မျိုးမြေပဲ တစ်တင်းလျှင် ငွေကျပ်(၆)သောင်းကျပ်အထိ ဝယ်ယူခဲ့ ကြရကြောင်း သိရသည်။ “ကျွန်တော်က သုံးလ ပင်ထောင်ပဲ (၅)တင်း ကျစိုက်ထားတာပါ။ ကုန်ကျစရိတ် အနေနဲ့ကတော့ မျိုးဘိုးကတင် (၃)သိန်းရှိတယ်ဗျ စပြီး စိုက်မယ်ဆိုတာနဲ့ ထွန်ယှဉ်းဘိုးက တစ်မနက်ကို (၁)သောင်းပေးရတယ်။ မြေဆီဘိုးက (၁၄၀၀၀၀)ကျပ် ကုန်တယ်၊ စိုက်ပြီး ပြန်တော့ အပင်အားဆေးနဲ့ ပိုးသတ်ဆေးက (၈)သောင်းလောက်ကုန်တယ်။ အခု မြေပဲပေါ်ချိန်ကျတော့ ကိုယ့်အိမ်က လုပ်အားမရှိတော့ မြေပဲဖော်တာကို တစ်တင်းကျကို ပုတ်ပြတ်ဈေး (၂)သောင်းပေးရတယ်ဗျ။ ငါးတင်းကျဆိုတော့(၁)သိန်း၊ ဖော်ပြီး သားပဲကို လူငှားနဲ့ပြန်ဆွတ်ရတာဆိုတော့ တစ်ဦးကို ငွေကျပ် ၁၂၀၀ ပေးရတယ်၊ အဲ့တော့ လုပ်အားခက ပဲ(၅)တင်း ကျအတွက်ကို ငွေကျပ်(၆)သိန်းကျော် ကုန်နေပြီ၊ ပဲရတာကတော့ ဒီနှစ် မိုးဦးလေးကောင်းတော့ တင်း(၁၅၀)ကျော် ရပါ တယ်၊ ဒါပေမဲ့ တစ်တင်းကို အနည်းဆုံး (၅) သောင်းခွဲ(၆)သောင်းလောက်ရောင်းရမှ ကျွန်တော်တို့ တောင်သူ တွေအသက်ရှူချောင်မှာဗျ၊ ဒါ့ကြောင့် ဈေးကောင်းပါစေလို့ပဲ ဆုတောင်းနေရတယ်” ဟု ချောင်းခြားစုကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးအောင်ခိုင်က ပြောသည်။
ယခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၌ တောင်သူများ မြေပဲအထွက်ကောင်းကြပြီး တစ်တင်းကျလျှင် အနည်းဆုံး မြေပဲတင်း (၃၀မှ၄၀)ရရှိကြကြောင်း သိရပြီး လက်ရှိမြေပဲပေါ်ချိန်တွင် ပေါ်ဦးပေါ်ဖျားဈေးမှာ တစ်တင်း လျှင် ငွေကျပ်(၄) သောင်းသာ ရောင်းချကြရကြောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်၌ မြေပဲကို တစ်မြို့နယ်လုံးတွင် ဧက(၅၈၂၇၁)ဧက စိုက်ပျိုးရန် လျာထား ခဲ့ပြီး၊ လက်ရှိတွင် ဧက (၅)သောင်းကျော် စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေအောင်(ပြန်/ဆက်)