ရပ်စောက်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေး (Clean and Green City) ခွင့်ပြုငွေဖြင့် လုပ်ငန်းဆောင်ရွက်မှုများအား သွားရောက်စစ်ဆေး

ရပ်စောက် စက်တင်ဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်၊ ဒေသဖွံ့ဖြိုးရေး (Clean and Green City) ခွင့်ပြုငွေ ငွေကျပ် သန်း (၂၄၀) ဖြင့်အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရပ်စောက်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး(Clean and Green City) ခွင့်ပြုငွေဖြင့် မြို့ဝင် ဆိုင်းဘုတ်များ ပြုပြင်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပန်းခြံအတွင်းအားကစားပစ္စည်းများတပ်ဆင်ခြင်း၊ ကျောက်စီရေမြောင်းများ ပြုလုပ်ခြင်း၊ ချောင်းနှင့် ရေမြောင်းများ၌ နုန်းဆယ်ယူခြင်း၊မြေယာရှုခင်းများပြုလုပ်ခြင်း၊ လမ်းမီးများလဲလှယ်တပ်ဆင်ခြင်းနှင့် Clean and Green City ဆိုင်းဘုတ်များပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကိုကိုလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်နှင့်  တာဝန်ခံအင်ဂျင်နီယာ ဒေါ်နန်းဆုမြတ်ဇော်တို့က ရှင်းလင်းတင်ပြကြ သည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းဆောင်ရွက်မှု (၉၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဌာနမှသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)