ရပ်စောက် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား (RTD) Test Kit ဖြင့်ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရခြင်းရှိ/မရှိစစ်ဆေးပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းများတွင် သွားရောက်စစ်ဆေး ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့သွားရောက်စစ်ဆေးပေးရာတွင် လေသာဘုန်းတော်ကြီးကျောင်းမှ သံဃာ(၂၈)ပါး၊ တောင်ဖီလာ ဘုန်းတော်ကြီးကျောင်းမှ သံဃာ(၂၂)ပါး၊ မြသီလာဘုန်းတော်ကြီးကျောင်းမှ သံဃာ(၄၂)ပါးနှင့် ဘုရားကြီး ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်(၅၃)ပါး စုစုပေါင်း သံဃာတော်(၁၄၅)ပါးအား (RTD) Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခြင်းခံရသည့် သံဃာတော်မရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက သံဃာတော်များအား (RTD) Test Kitများဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ကျန်ရှိနေသည့် ဘုန်းတော်ကြီး ကျောင်းများကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)