ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ပျော်ဘွယ် စက်တင်ဘာ ၁၀

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသည့် အသက်(၆၅)နှစ်နှင့် အဘိုးအဘွားများ၊ ဦးတည်အုပ်စုများအလိုက်ပါဝင်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း ယနေ့ နံနက်(၈)နာရီမှစတင်ကာ မြို့နယ် ရာပြည့်သာသနာ့ဗိမာန်တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရာ၌ စုရပ်(၄)နေရာဖြစ်သည့် ရှမ်းပွဲရပ်ကွက်ရှိ ရာပြည့်သာသနာ့ဗိမာန်၊ ရန်အောင်(အထက)၊ ယင်းတော်(အထက)၊ အရှေ့လျှော်ဖြူကုန်း (အထက)တို့တွင် သတ်မှတ်ရက်များအလိုက် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဦးစားပေးအုပ်စုအလိုက်သတ်မှတ်ထားသူများကို ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် ပထမအကြိမ်ထိုးနှံပြီးကြောင်း အထောက်အထားယူဆောင်လာရန် လိုအပ်ကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိအကြိမ်ထိုးနှံမှုတွင် အသက်(၆၅)နှစ်နှင့် အဘိုးအဘွားများ၊ သံဃာတော်နှင့်သီလရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စသည့် ဦးစားပေးအုပ်စုအလိုက်ထိုးနှံ ပြီးစီးမှုမှာ ယနေ့အချိန်အထိ (၅၉၂၃)ဦး ဖြစ်ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)