မိုင်းဖြတ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူများ နေ့စဉ်မြင့်တက်လျက်ရှိရာ ပိုးတွေ့လူနာများ မြင့်တက်မှုမရှိစေရေး၊ အသွားအလာ ကန့်သတ်မှုများကို ပြည်သူများသို့ အသိပေးပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် တာဝန်ရှိဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အသံချဲ့စက်များ ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်သည့် နေအိမ်အတွင်း၌သာ နေထိုင်ရေး၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင် ဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှနေ၍ စကားပြောစေရေး၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး၊ လူစုလူဝေး၊ ပွဲလမ်းသဘင်များလုံးဝခွင့်မပြုရေး၊ စျေးဝယ်ရန်အတွက် တစ်အိမ် လျှင် တစ်ဦးသာသွားရန်၊ ကျန်းမာရေးကိစ္စများအတွက် ဆေးရုံ၊ ဆေးခန်းသွားရောက်ပြသပါက ယာဉ်မောင်းအပါ (၃)ဦးသာ သွားရောက်ခွင့်ပြုမည်ဖြစ်သည်။
ထို့အတူ ဆေးဆိုင်၊ ဆေးခန်းများမှအပ ပြည်ပထွက်ခွာခြင်းနှင့် စျေးများကို နေ့စဉ်နံနက် ၄ နာရီမှ နေ့လယ် ၁၁ နာရီအထိ လည်းကောင်၊ ညနေ ၄ နာရီမှ ည ၈ နာရီအထိလည်းကောင်း ခွင့်ပြုသွားမည်ဖြစ်ပြီး ထိုအချိန်တွင် စားသောက်ဆိုင်များအပါအဝင် ဆိုင်ထိုင်စားသောက်ခြင်းခွင့်မပြုဘဲ ပါဆယ်စနှစ်ဖြင့်သာ ရောင်းချရေး၊ စျေးဝယ်ရန် နှင့် ဆေးခန်းသွားရန် သတ်မှတ်ထားသည့် လူဦးရေအထက် ပိုလျှင်ဖြစ်စေ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ တင်ပြစေရန်နှင့် တာဝန်ထမ်းရန် ပြန်လာသူများမှအပ ခွင့်ပြုချက်မရှိဘဲ ရပ်ကွက်အတွင်းမှ လည်းကောင်း၊ ဝင်/ထွက်သွာလားခြင်း မပြုရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။ မိုင်းဖြတ်မြို့နယ်အတွင်း အသွားအလာကန့်သတ်မှုများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ဆုံးဖြတ်ချက်များဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်နေ့အထိ လည်းကာင်း၊ စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက်နေ့အထိလည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး