မုဒုံ စက်တင်ဘာ ၁၀
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ အောက်ဆီဂျင်လုံလောက်စွာ ထုတ်လုပ်ရရှိနိုင်ရေး၊ အောက်ဆီဂျင်ပြတ် လပ်မှုမရှိစေရေးနှင့် အောက်ဆီဂျင်လိုအပ်သော အရေးပေါ်လူနာများအား အမြန်ဆုံးကုသပေးနိုင်ရေးအတွက် အောက်ဆီဂျင် ထုတ်လုပ်သည့် မုဒုံမြို့နယ် ဝင်းစိန်တောရ ကျောင်းဝင်း အောက်ဆီဂျင် စက်ရုံမှစက်ပစ္စည်းများ တပ်ဆင်နေမှုအခြေအနေများနှင့် အောက်ဆီဂျင်စက်စတင်စမ်းသပ်မောင်းနှင်းမှုကို ယနေ့ နေ့လယ်ပိုင်းကစ၍ ထုတ်လုပ်လည် ပတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်ရုံကို မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းဝင်းအတွင်း၌ တည်ဆောက်ထားရာ အောက်ဆီဂျင် စက်ရုံတည်ဆောက် နိုင်ရေးနာယကဆရာတော်ကြီး(၁၅)ပါး၊ ကြီးကြပ်ကော်မတီ (၈)ဦးနှင့် လုပ်ငန်းကော်မတီ(၂၃) ဦးတို့ဖြင့် မုဒုံမြို့နယ်လုံးကျွတ် အောက်ဆီဂျင်လုံလောက်စွာ ရရှိစေရန်၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသခံယူနေသည့် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင်အလုံအလောက် ထုတ်လုပ်ပေးနိုင်ရန်၊ ပိုလျှံပါက အခြားမြို့ နယ်အသီးသီးမှ ပြည်သူ့ဆေးရုံများ ၏ အရေးပေါ်အောက်ဆီဂျင်လိုအပ်ချက်များကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် တည်ဆောက် ပြီးစီးခဲ့သည့် အောက်ဆီ ဂျင်စက်ရုံမှာ အလျား၄၀ပေ၊ အနံ၃၀ပေရှိ RC တစ်ထပ်အဆောက် အအုံ စုစုပေါင်းငွေကျပ်သိန်း ပေါင်း၂၅၀၀ခန့်ဖြင့် ရဟန်းရှင်လူပြည်သူများအပေါင်းတို့က လှူဒါန်းထားပြီး တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့အိုး၂၀၀ ခန့် ထုတ်လုပ်ပေးနိုင်မည်ဟု ခန့်မှန်းသိရှိရသည်။
မုဒုံမြို့နယ်တွင် ယခင်က အောက်ဆီဂျင်ကို မြဝတီနယ်စပ်၊ ရန်ကုန်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်အခြား သောမြို့နယ်များမှ တစ်ဆင့်အခက်အခဲများစွာနှင့် ရင်ဆိုင်သယ်ယူခဲ့ရပြီး ယခုအခါ မုဒုံမြို့နယ်အတွက် လုံလောက်စွာ ရရှိနိုင်သည့်အပြင် အခြားမြို့နယ်များတို့ကိုပါ အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)