ကျောက်တန်းမြို့နယ်၌ “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်များ ပြုလုပ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းစာရင်းကောက်ယူ

ကျောက်တန်း စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့်  တိုင်းရင်းသား/ဉပဒေအရ  နိုင်ငံသားများအား ဥပ‌ဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန်အတွက် ကျေးရွာများ အရောက် လိုက်လံ၍ စာရင်းများ ကောက်ယူလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဦးဇော်လင်းထွဋ်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ရာအိမ်မှူးများက ညောင်ဝိုင်း ကျေးရွာအုပ်စုသို့ ကွင်းဆင်းစာရင်းကောက်ယူခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့စာရင်းများ ကောက်ယူရာတွင် လက်ရှိဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ပြောင်းရွှေ့ နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူများစသည့် အချက် ၄ ချက်ဖြင့် စာရင်းများ လိုက်လံကောက်ယူခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်များအရ သိရှိရသည်။

“ကျွန်တော်တို့ အခုပန်းခင်းစီမံချက်က မြို့နယ်အတွင်းမှာ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ လက်ရှိကတော့ ကျွန်တော်ဝန်ထမ်းတွေနဲ့ ရပ်ကွက်/ကျေးရွာတွေ အရောက် ကွင်းဆင်းပြီး စောစောက ပြောခဲ့တဲ့အချက် ၄ ချက်နဲ့ စာရင်းတွေ ကောက်ယူနေပါတယ်၊ ကျန်ရှိနေသေးတဲ့ ကျေးရွာတွေကိုလည်း ဆက်လက်ကောက်ယူ သွားမှာဖြစ်ပါတယ်” ဟု ကျောက်တန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးဇော်လင်းထွဋ်က ပြောကြားသည်။

ခင်ဆွေဝင်း (ကျောက်တန်း)