မုံးကိုး စက်တင်ဘာလ ၁၀
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၅)ရပ်ကွက်ရှိ ကာကွယ်ဆေး ထိုးရန် စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင် မုံးကိုးမြို့၊ကျန်းမာ ရေးဌာနကဆရာမများ၊ အမှတ်(၉၉၁) နည်းဗျူဟာက ဆေးဗိုလ်ကြီး(၃)ဦး၊ ဆေးသူနာပြု(၂)ဦးတို့ကကာကွယ်ဆေးထိုးနှံပေးသည်။ ကာကွယ်ဆေးစနစ်တကျ ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း ၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးသည်။
ထို့ပြင် အသက်(၁၈)နှစ်ပြည့်ပြီးကာကွယ်ဆေးထိုးရန်စာရင်းပေးထားသူများအား စာရင်းဇယား မှတ်တမ်းယူခြင်း လုပ်ငန်းများလည်း ဆောင်ရွက်သည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တတိယအသုတ် ထိုးနှံပေးခြင်းဖြစ်ပြီး မုံးကိုးမြို့ပေါ်၌ လူဦးရေ (၇၀၀)နှင့် ဟေမိုးလုံကျေးရွာအုပ်စု၌ လူဦးရေ(၃၀၀)စုစုပေါင်း လူဦးရေ(၁၀၀၀)ဦးအား Sinopharm ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ်ထိုးနှံပေးသည်။
မုံးကိုးမြို့တွင် အသက်(၆၅)နှစ်အထက်အဘိုးအဖွားများ အပါအဝင် ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးကို ပထမအသုတ်၌ လူဦးရေ(၆၀၀)၊ ဒုတိယအသုတ်၌လူဦးရေ(၃၀၀)၊ စုစုပေါင်းလူဦးရေ(၉၀၀)အား ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးထားပြီး ဖြစ်သည်။
ကာကွယ်ဆေးထိုးရန် ကျန်သည့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များက လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သန်းဇော်ဦး(မုံးကိုး)