ဒဂုံမြောက် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း နှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့၌ စုရပ်များ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ် ထားသော ဦးစားပေးအစီ အစဉ်အလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၉ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူ၁၉၃၄ ဦးရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာမှ ထွက်ရှိသောဆေးပစ္စည်းအမှိုက်များအား မြို့နယ် စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာဝန်ထမ်းများက ဆေးရုံဆေးခန်း အမှိုက်သိမ်း ယာဉ်များဖြင့် စနစ်တကျ ရှင်းလင်းသိမ်းဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)