လှည်းကူးမြို့နယ်၌ Stay Home 4U Project အဖွဲ့က အခြေခံလူတန်းစားများအား စားနပ်ရိက္ခာ များထောက်ပံ့လှူဒါန်း

 

လှည်းကူး  စက်တင်ဘာ  ၁၀

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် လက်လုပ် လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအား ယမန် နေ့ ညနေပိုင်းက Stay Home 4U Project အဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လှူဒါန်းရာတွင် လှည်းကူးမြို့နယ်အတွင်းရှိ ကျွန်းကလေးကျေးရွာ နေကျော်အပိုင်းမှ ကိုဗစ်-၁၉ ကာလ စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်၊ ဆီ(၁၅)ကျပ်သား၊ ကြက်သွန်နီ(၅၀)ကျပ်ဿား၊ကြက်ဥ (၃)လုံး၊ ဆား(၁)ထုပ်၊ အသားမှုန့်(၁) ထုပ်နှင့် ဂေါ်ရခါးသီး(၅) လုံးတစ်ထုပ်တို့ကို လက်ဝယ်အရောက်သွားရောက် ထောက်ပံ့လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါအဖွဲ့မှာ ယခင်က ကမ်းလင့်ဝေငှပရဟိတအသင်းနာမည်နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို  ကူညီလုပ်ဆောင်နေခြင်း ဖြစ်ပြီး၊ လက်ရှိကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် Stay Home 4U Project အဖွဲ့ကို ဖွဲ့စည်း၍ ကာလတစ်ခုတွင် မိမိတို့လုပ်နိုင်သည့်ဘက်မှ ကူညီအားဖြည့် လုပ်ဆောင်ရန်အတွက် ဝါသနာတူညီအစ်ကို မောင်နှစ်မများ စုစည်းပြီးထောက်ပံ့ လှူဒါန်းရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင် နေခြင်းဖြစ်ကြောင်း အဖွဲ့ဦး ဆောင်သူတစ်ဦးထံက သိရသည်။

စားနပ်ရိက္ခာထောက်ပံ့လှူဒါန်းခြင်းကို Stay Home 4U Project အဖွဲ့က စေတနာရှင် ပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုများဖြင့် တစ်ကြိမ်လျှင် အိမ်ထောင်စု ၅၀ စုတို့ကို တစ်ပါတ်လျင် ၂ ကြိမ်ဖြင့်  မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ သွားရောက် ထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)