ခင်ဦး စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏရေးနှစ် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေကျပ် သိန်း (၁၀၀)စီဖြင့် ကျေးရွာ(၄)ရွာတွင် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။
ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း (၁၀၀) ဖြင့် ဆောင်ရွက်ခဲ့ရာ ရွှေပြည်သာကျေးရွာတွင် ကျေးရွာတွင်း လမ်း အရှည် (၃၀၀၀)ပေ၊ အကျယ် (၁၂)ပေ၊ အမြင့် (၉) လက်မ ဂျင်းခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ အလယ်ရှို ကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည် (၁၄၀၄) ပေ၊ အကျယ် (၁၂) ပေ၊ အမြင့် (၆) လက်မ ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ ရှားတောကျေးရွာတွင် ကုန်ထုတ်လမ်း အရှည် (၃၈၀၀) ပေ၊ အကျယ် (၁၂) ပေ၊ အမြင့် နှစ်ပေခွဲ မြေသားလမ်းဖောက်လုပ်ခြင်း ကိုလည်းကောင်း၊ ပေါက်သင့်တုံကျေးရွာတွင် ကျေးရွာတွင်း (၄၀၀) ဗို့ ဓာတ်အားလိုင်း (၄၉၀၀) ပေ သွယ်တန်းခြင်းလုပ်ငန်းကို ရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေ (၁၆၃) သိန်း တို့ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးညီညီဦး ထံက သိရသည်။
စိုးဝေအောင်(ခင်ဦး)