လှည်းကူးမြို့နယ် အောက်စီဂျင်စက်ရုံတည်ဆောက်ရေးအဖွဲ့မှ အောက်ဆီဂျင်များ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိ

လှည်းကူး စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်မှ ကိုဗစ်လူနာများနှင့် အရေးပေါ်လူနာများ လတ်တစ်လော အောက်ဆီဂျင်လိုအပ်မှုများကို အစဥ်ပြေစေရန်အတွက် မြို့နယ် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအဖွဲ့မှ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီက ပြည်သူ့ဆေးရုံကြီးရှေ့တွင် အောက်ဆီဂျင်များ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။

လှည်းကူးမြို့နယ် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအဖွဲ့မှ အောက်ဆီဂျင်ထုတ်စက် မှာယူထား သည့်ကာလအတွင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် အောက်ဆီဂျင်ထောက်ပံ့ရေး အဖွဲ့၏ ထောက်ခံချက်များဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်ရုံများမှ ထုတ်ယူရရှိသည့် အောက်ဆီဂျင်များကို ဖြန့်ဝေလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအောက်ဆီဂျင်များ လှူဒါန်းပေးရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ဖောင်ကြီး ပြည်သူ့ဆေးရုံ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် ပရိဟိတအသင်း(၁၁)သင်းတို့ကို ၄၀ လီတာဆံ့ အိုး ပေါင်း ၃၀ တွင်ပါဝင်သည့် အောက်ဆီဂျင်များကို ခွဲဝေလှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)