ကျောက်ကြီး စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ပဲခူး ရပ်ကွက်၌ အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါရန်၊ သို့မှသာ ရောဂါ ကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာ မှခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင် ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ် တကျ ဆေးကြောရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းများ မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ရန်၊ မိမိတို့နေအိမ်များ ကိုပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင်လေထွက်ရှိ အောင်လုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေပါးစပ်နှင့် နှာခေါင်းစည်း Mask များကို အိမ်အပြင်တွင် စွန့်ပစ်ပါ။ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံးသွေးတိုးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး သက်အန္တရာယ် ထိခိုက်နိုင်သည်။
သို့ဖြစ်ပါ၍ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း၊ Mask တပ်ဆင်အသုံးပြုရာတွင် လိုက်နာရမည့် အချက်များကို အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအပေါ် NUG/PDF တို့၏ အကြမ်းဖက်နှောက်ယှက်မှုများအား ပြည်သူသို့ အသိပေးချက်ကို စကောကရင် တိုင်းရင်းသား ဘာသာစကားဖြင့် အသံဖိုင်ဖွင့်လှစ်ပေးခြင်း စသည့်အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)