နယ်စပ်‌ဒေသ မုံးကိုးမြို့၌ တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမ အကြိမ်ထိုးနှံပေး

မုံးကိုး     စက်တင်ဘာလ ၁၀

ရှမ်းပြည်နယ် ၊မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ကာကွယ်ဆေးထိုးရန်စုရပ်များ၌ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။     

ထိုသို့ ကာကွယ်‌ဆေးထိုးနှံ‌ပေးရာတွင် မုံးကိုးမြို့၊ ကျန်းမာ‌ရေးဌာနက ဆရာမများ၊ အမှတ်(၉၉၁)နည်းဗျူဟာက ဆေးဗိုလ်ကြီး(၃)ဦး၊ ဆေးသူနာပြု(၂)ဦးတို့က ကာကွယ်ဆေးထိုးနှံပေးသည်။ ကာကွယ်ဆေးစနစ်တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း ၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်းများဆောင်ရွက်ပေးပြီး Sinopharm ကိုဗစ်-၁၉‌ရောဂါ ကာကွယ် ဆေး ကိုပထမအကြိမ်ထိုးနှံပေးသည်။

ထို့ပြင် အသက်(၁၈)နှစ်ပြည့်ပြီးကာကွယ်ဆေးထိုးရန် စာရင်းပေးထားသူများအား စာရင်းဇယားမှတ်တမ်းယူခြင်း လုပ်ငန်း များလည်း‌ ဆောင်ရွက်သည်။ မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို တတိယအသုတ် ထိုးနှံပေးခြင်းဖြစ်ပြီး မုံးကိုးမြို့ပေါ်၌လူဦးရေ (၇၀၀)နှင့် ဟေမိုးလုံကျေးရွာအုပ်စု၌ လူဦးရေ(၃၀၀)စုစုပေါင်းလူဦးရေ(၁၀၀၀)ဦးအား Sinopharm ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ်ထိုးနှံပေးသည်။ မုံးကိုးမြို့တွင် အသက်(၆၅)နှစ် အထက်အဘိုးအဖွား များအပါအဝင် ကိုဗစ် ၁၉ရောဂါကာကွယ်ဆေးကို ပထမအသုတ်၌လူဦးရေ(၆၀၀)၊ ဒုတိယအသုတ်၌ လူဦးရေ(၃၀၀)၊ စုစုပေါင်း လူဦးရေ(၉၀၀)အား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးထားပြီးဖြစ်သည်။ ကာကွယ်ဆေးထိုးရန် ကျန်သည့် တိုင်းရင်းသားပြည်သူများအားကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူးဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များက လိုအပ်သည့်နေရာများတွင်ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရသည်။

သန်းဇော်ဦး(မုံးကိုး)