ချောင်းဆုံမြို့နယ် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲအထိမ်းအမှတ်ဖြင့် ဆရာတော်သံဃာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်း

ချောင်းဆုံ စက်တင်ဘာ ၁၀

ချောင်းဆုံမြို့နယ် ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံတွင် ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ်ဖြင့် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီ က အဆိုပါ အဆောက်အဦတွင် ကျင်းပသည်။ ရှေးဦးစွာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလ ခံယူတော်မူပြီး မုရစ်ကြီး တောင်ပေါ်ကျောင်းတိုက်ဆရာတော်မှ ဩဝါဒကထာ မိန့်ကြားကာ အောက်ဆီဂျင်စက်ရုံဖြစ် မြောက်ရေး ပံ့ပိုးကူညီခဲ့သည့်အလှူရှင်များအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက်လှူဖွယ်ဝတ္ထုနှင့် ဆွမ်းဆပ် ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားသို့နာယကဆရာတော်ကြီး(၉)ပါးနှင့် အောက်ဆီဂျင် စက် နှင့် စက်ရုံ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များတက်ရောက်ကြသည်။ အောက်ဆီဂျင်စက်ရုံကို ဇူလိုင်လ(၂၉)ရက် နေ့က စတင်အကောင်အထည်ဖော်ခဲ့ပြီး ဩဂုတ်လ(၃၀)ရက်နေ့က အဆောက်အဦ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ ဩဂုတ်လ ၃၁ရက်နေ့က အောက်ဆီဂျင်စက် ရောက်ရှိခဲ့ပြီး စက်တပ်ဆင်ကာ စက်တင်ဘာ (၅)ရက်နေ့က စတင်၍ အောက်ဆီဂျင်များကို ထုတ်လုပ်ဖြန့်ဝေပေးခဲ့ကြောင်း အောက်ဆီဂျင်ထုတ်လုပ်မှုမှာ (၁)ရက်လျှင် (၄၀)လီတာဆံ့အိုး အလုံးရေ(၁၀၀)ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)