ကော့သောင်း စက်တင်ဘာ ၁၀
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့်အရေးပေါ် လုပ်ငန်းများတွင် တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ များ ပေးအပ် လှူဒန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်၁၉ ကူးစက်ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်စဉ်တစ်လျှောက် နေရာမရွေး ပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးတွေ့လူနာများအား ဝေးလံခေါင်ဖျားသည့်အရပ်မှ ကျန်းမာရေးဌာနသို့ ရောဂါထိန်းချုပ်နိုင်ရေး အချိန်နှင့် တစ်ပြေးညီသယ်ယူပို့ဆောင်ပေးခြင်း၊ ပြန်လည် ကျန်းမာလာသူများအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ရောဂါကြောင့် သေဆုံးသူများအား ပို့ဆောင်ကူညီသဂြိုလ်ပေးခြင်း စသည့်လုပ်ငန်းများတွင် ရောဂါကူးစက်မှု မြှင့်တက်နေသည့်ကြားမှ တက်ကြွစွာကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကော့သောင်းမြို့၊ ရွှေအဏ္ဏဝါ ပရဟိတစေတနာ့ဝန်ထမ်း ဘော်လံတီယာအဖွဲ့သို့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ရည်ရွယ်ကာ ကော့သောင်းမြို့ ၊ အဏ္ဏဝါရပ်ကွက်၊ မြို့မဈေး ၊အန်တီအေး ကုန်စုံဆိုင်မှ ကိုငယ် + မအိဖြူ မိသားစုမှ PPE level 2 ဝတ်စုံ အစုံ (၅၀) ၊ Dead body bags ၁၅ လုံး ၊ ကော့သောင်းမြို့ ရွှေဟသ်ာရပ်ကွက် မှ ဒေါ်လှလှထွေး နှင့် သားမောင်ကောင်းပြည့်ဟိန်းတို့မိသားစုမှ အလှူငွေ ၁၀၀၀၀၀ ကျပ်နှင့် PPE( ၁၀) စုံ တို့အား လှူဒါန်းပေးအပ်ခြင်းဖြစ်သည်။
အဆိုပါ ပရဟိတဘော်လံတီယာအဖွဲ့အနေဖြင့် မြို့နယ်အတွင်းကျန်းမာရေးကိစ္စများ၊ အရေးပေါ် ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)