ရွှေပြည်သာ စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတိုက်များမှ သံဃာတော်များ နှင့်သီလရှင်ဆရာကြီး၊ ဆရာလေးများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂နာရီအချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား သွားလာမှု အဆင်ပြေစေရေး စောင့်ရှောက်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သတ်မှတ်အကွာအဝေး နေထိုင်ခြင်း၊ အမည်စာရင်း သွင်းခြင်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြသည်။
ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံသည့် သံဃာတော်များ၊ သီလရှင်များနှင့် အသက် ၆၅နှစ် အထက်ဘိုးဘွားများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှု ရှိ၊မရှိနှင့် ပြင်းထန်သည့် ဘေးထွက် ဆိုးကျိုးများ ရှိ၊မရှိ အတွက် သတ်မှတ်နေရာများတွင် နာရီဝက်ခန့်စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို မြို့နယ်ကိုဗစ် ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ကျန်ရှိနေသော သံဃာတော်၊ သီလရှင်များနှင့် အသက် ၆၅ နှစ်အထက် ဘိုးဘွားများကိုလည်း အနောက်အုတ်ကျင်းကျောင်းတိုက်နှင့် တေဇာရာမ ကျောင်းတိုက်တို့တွင် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)