ပုံပါကျင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

ပုံပါကျင်  စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းအခမ်းအနားကို အမှတ် (၆၅) ခြေလျင်တပ်ရင်းနှင့် အမှတ်(၁၀၀၇)နယ်ခြားစောင့်တပ်ခန်းမဆောင်တို့တွင် ယမန်နေ့က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်း လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မိုင်းတုံမြို့နယ်ဦးစီးအရာရှိနှင့် ပုံပါကျင်မြို့ ဒုတိယလဝကမှူး ဦးကျော်စွာဝင်းတို့က အမှတ်(၆၅)ခြေလျင်တပ်ရင်းအတွက် အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တပ်ရေးဗိုလ်ကြီး ရဲကျော်ထွန်း ထံသို့လည်းကောင်း၊ အမှတ်(၁၀၀၇)နယ်ခြားစောင့်တပ် အတွက် အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဗိုလ်မှူး ထက်မြက်အောင် ထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် အမှတ်(၆၅)ခြေလျင်တပ်ရင်းနှင့်အမှတ်(၁၀၀၇)နယ်ခြားစောင့်တပ် အတွင်းရှိ အိမ်ထောင်စု (၂၆) စုအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား( ၁၅၇ ) ဦးကိုထုတ်ပေးနိုင်ခဲ့သည်။

အသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်မည့်သူများအနေဖြင့် ပုံပါကျင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံး၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

သန္တာ(ပြန်ဆက်)