ဒီပဲယင်း စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည် ဝါသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးပညာပေး ကွင်းဝန်ထမ်းများက ကျေးရွာအရောက် ကွင်ဆင်းပြီး ဝါသီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးဆိုင်ရာ ဆောင်ရွက်ရမည့် နည်းစနစ်အထွက်တိုး ၁၀ ချက်ကို တောင်သူများအား ရှင်းလင်းဆွေနွေးပညာပေးခြင်းနှင့် ရွှေတောင် ၈ ဝါမျိုးသန့် မျိုးစေ့များကို ကျေးရွာ ဝါစိုက်တောင်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးနှောင်းချည်မျှင်ရှည် ဝါသီးနှံကို ကျယ်ပြန့်စွာစိုက်ပျိုးခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားခြင်း၊ လယ်လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိခြင်းနှင့် ဝါမျိုးကောင်း မျိုးသန့် အသုံးပြုစိုက်ပျိုးခြင်းသည် ဝါအထွက်နှုန်းကောင်းပြီး ဝါဂွမ်းအရည်အသွေး ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းက ဝါစိုက်တောင်သူများအား ပညာပေး ဆွေးနွေး ဟောပြော ခဲ့သည်။
ဒီပဲယင်းမြို့နယ်အနေဖြင့် ၂၀၂၁ ခုနှစ်မိုးရာသီတွင် မိုးနှောင်းချည်မျှင်ရှည် ဝါသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် သပိတ်လဲကျေးရွာအုပ်စုမှ တောင်သူ(၁၇)ဦးကို ရွေးချယ်ပြီး ဝါသီးနှံဧက(၅၀)ကို စိုက်ပျိုးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)