မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ငန်း တိုးမြှင့်သတ်မှတ်ရေး ညှိနှိုင်းဆွေးနွေး

မိုင်းဖြတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ တိုးပွားလာနေသဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ငန်း တိုးမြှင့်သတ်မှတ်ရေး ညှိနှိုင်းဆွေးနွေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ် Coronavirus Disiease 2019( COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Covid-19 Positive အတည်ပြု လူနာကူးစက်ပြန့်ပွားမှု တိုးမြင့်မှုရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ငန်း တိုးမြှင့်သတ်မှတ်ရေးနှင့် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ အသိပညာပေး လှည့်လည်နှိုးဆော်ပေးနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးနိုင်ရေးအတွက် ဆေးထိုးနှံရန်ကျန်ရှိ လူဦးရေစာရင်းများ စနစ်တကျ ကောက်ခံပြုစုတင်ပြနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ကျစေရေးနှင့် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းအား ထိရောက်စွာဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်ဒေသန္တရ ထုတ်ပြန်ချက်အရ မိသားစုတိုင်း ကျန်းမာရေးဝန်ကြီး၏ ထုတ်ပြန်ချက်၊ စည်းကမ်းချက်များနှင့် ဒေသန္တရထုတ်ပြန်ချက်များကို အလေးထား လိုက်နာရန်၊ မဖြစ်မနေ ဈေးဝယ်ရန်ရှိပါက တစ်မိသားစုလျင်တစ်ဦးသာ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်၍ သွားရန်၊ လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ရှားရန်၊ ရပ်ကွက်/ကျေးရွာအတွင်း ဝင်ထွက်သွားလာခြင်း ကန့်သတ်ရန်၊ ဆေးဆိုင်၊ ဆေးခန်းများမှအပ အခြားဈေးဆိုင် များ/အိမ်ဆိုင်များကို နေ့စဉ်နံနက်(၀၄း၀၀) နာရီမှ (၁၁း၀၀) နာရီထိ၊ ညနေ ၄ နာရီမှ ၈ နာရီ အတွင်း၌သာ ဖွင့်လှစ်ရောင်းဝယ်ရန်၊ လက်ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များကို ဆိုင်ထိုင်စားသောက် ခွင့်မပြုပဲ Take Away စနစ်ဖြင့်သာ ရောင်းဝယ်ရန်၊ ဈေးများ ရောင်းဝယ်ရာ၌ ပါးစပ်/နှာခေါင်းစည်း(Mask) ၊မျက်နှာကာ (Face Shield )၊ လက်အိတ်များ ဝတ်ဆင်ထားရန်၊ အခြားအရေးပေါ်ကိစ္စဖြင့် သွားလာရန်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးထံတင်ပြရန်၊ တာဝန်ထမ်းဆောင် ရန်ကိစ္စမှအပ ရပ်ကွက်/ကျေးရွာများသို့ ဝင်ထွက်သွားလာခြင်း ခွင့်မပြုရန်စသည့် အချက်များကို ပြည်သူများ အနေဖြင့်  အလေးထား သိရှိလိုက်နာစေရန်၊ အသိပညာပေးနှိုးဆော်၍ ရပ်ကွက်/ ကျေးရွာ အလိုက် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အသီးသီးညှိနှိုင်းဆွေးနွေးပြီး၊ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ဒေသန္တရ ထုတ်ပြန်ချက်အရ ယခင်က စက်တင်ဘာ ၄ ရက်မှ ၁၀ ရက် နေ့ထိအသတ်မှတ်ရာမှ စက်တင်ဘာ   ၁၁ ရက် မှ ၁၇ ရက်နေ့အထိသို့ ဒုတိယအကြိမ် ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ် Coronavirus Disiease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းဝင်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)