မောင်တော စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင်တောခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင် ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးစီးသော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီမှစ၍ ပန်းခင်းစီမံချက်ဖြင့် ဗောဓိကုန်းကျေးရွာနှင့် မောရ၀တီ ကျေးရွာများရှိ ပြည်သူများသို့ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မြေပြင်ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီပံ့ပိုး ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင်တောခရိုင်/ မြို့နယ်ရုံးများရှိ ဝန်ထမ်းများက ဗောဓိကုန်းကျေးရွာရှိ အ.လ.က(ခွဲ) ကျောင်း၌ ကျေးရွာအုပ်စု(၃)အုပ်စု နှင့် မောရ၀တီကျေးရွာရှိ အ.လ.က ကျောင်းတွင် ကျေးရွာ အုပ်စု(၄)အုပ်စုတို့မှ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက်(၁၀)နှစ်ပြည့် ၊ အသက်(၁၈)နှစ် ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီး သူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် ကျန်ရှိမှုမရှိစေရေး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများပြုလုပ် ပေးခြင်းကို ဗောဓိကုန်းကျေးရွာရှိ အ.လ.က(ခွဲ) ကျောင်းတွင် စက်တင်ဘာ ၉ ရက်နေ့မှ ၁၂ ရက် နေ့ထိ ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး မောရဝတီကျေးရွာရှိ အ.လ.က ကျောင်းတွင် စက်တင်ဘာ ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိ ပြုလုပ်ပေးမည်ဖြစ်သည်။
ယမန်နေ့က ဆောင်ရွက်ပေးရာတွင် ဗောဓိကုန်း ကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ ၁၅၉ ဦးနှင့် မောရဝတီ ကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ ၁၁၀ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပြီးစီးခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကပ်ပြားများကိုလည်း ဆက်လက်ပြုလုပ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ခရိုင်ပြန်/ဆက်)