မိုင်းဆတ် စက်တင်ဘာ ၁၀
နဝမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ကဦးဆောင်၍ “တားဆီး၊ ကယ်တင်၊ ကူညီရေး လူကုန်ကူးခံရသူအသံနားထောင်ပေး” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက မိုင်းဆတ်-တာချီလိတ် လမ်းဆုံနှင့် ဝိန်းနေလမ်းဆုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ “တားဆီး၊ ကယ်တင်၊ ကူညီရေး၊ လူကုန်ကူးခံရသူ အသံနားထောင်ပေး” အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေမှုကြောင့် စီးပွားရေးခက်ခဲနေမှုများကို အကြောင်းပြုကာ လူကုန်ကူးမှုများ မဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး လှဘုန်းထံမှ သိရသည်။
အဆိုပါ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး လင်းအောင်မိုး၊ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် စိုက်ထူပေးပြီး၊ ပါးစပ် နှာခေါင်းစည်း (mask)များ ဝေငှပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)