မိုင်းဆတ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဆတ်ခရိုင် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး ဆိုင်းဘုတ်ကို ယမန်နေ့ နံနက်ပိုင်းက မိုင်းဆတ်-တာချီလိတ် ပြည်ထောင်စု လမ်းမတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူရာတွင် နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိသော “ပန်းခင်းစီမံချက်” လုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ စိုက်ထူခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဆတ် ခရိုင်/မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “ပန်းခင်းစီမံချက်”တွင် လက်ရှိဆောင်ရွက်ပေးနေသည့် မြန်မာ နိုင်ငံသားများ ဖြစ်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ အချက်များပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ “ပန်းခင်းစီမံချက်” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်ခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှအေးနှင့် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)