မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား (Sinopharm) ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မြောက်ဦး စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင် စခန်းများသို့ လာရောက်ခိုလှုံရန် ရောက်နေကြသော အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၈ နာရီက သတ်မှတ်စုရပ်(၂)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန သိရသည်။

ထိုသို့ (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် တိုက်ပွဲရှောင်စခန်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်း ဦးဆောင်သော မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တိုက်ပွဲရှောင်စခန်းမှ စခန်းတာဝန်ခံများ ပူးပေါင်း၍ (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ထိုသို့ (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံရာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းများဖြစ်သော သျှစ်သောင်း တိုက်ပွဲရှောင်စခန်းနှင့် မြို့သစ် တိုက်ပွဲရှောင် စခန်းများရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား  ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ  ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏများအား တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေး ဆက်လက်ထိုးနှံပြီးသူများ မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ဆေးလာရောက် ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းအထိ မြောက်ဦးမြို့ပေါ် ရပ်ကွက်များရှိ တိုက်ပွဲရှောင်စခန်း(၂)ခုမှ အသက်(၁၈)နှစ်အထက် ပြည်သူစုစုပေါင်း (၃၆၇)ဦး အား (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)