ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပန်းခင်းစီမံချက်အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

လားရှိုး         စက်တင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉) နာရီအချိန်က နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲအခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ‘လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံ ချက်ကိုဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုနှင့်အတူဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမြို့နယ်များသာမက မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်များမှ ပန်းခင်းစီမံချက် အရဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၄၉၁)ကတ်ကို ပြည်သူများလက်ဝယ် အရောက် ပေးအပ်နိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ရမည့်နေ့တစ်နေ့ဖြစ်ပါကြောင်း၊ လူဝင်မှု  ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေ သည့်ကြား၊ မိုးရာသီအတွင်းမိုးရွာနေသည့်ကြားက ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေးနေသလို ပြည်သူများကလည်း ဝန်ထမ်းများ၏ ကြိုးစားမှုကို သတိပြုပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ပါရန်အသိပေးတိုက်တွန်းလိုကြောင်း၊ ပန်းခင်းစီမံချက်၏ ဆောင်ပုဒ် ဖြစ်သည့် ‘လူမှုဘ၀ပြည့်စုံ ဖို့နိုင်ငံ ကတ်ကိုင်ကြစို့’ ဆိုသည့်အတိုင်း ပြည်သူအားလုံး၊ ဌာနဆိုင်ရာများအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါရန်’ တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ ကွမ်းလုံ၊ မိုင်းရယ်မြို့နယ်များနှင့် မူဆယ် ခရိုင်အတွင်းရှိ၊ ကွတ်ခိုင်မြို့နယ် ပြည်သူလူထုများအတွက်ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပြီးစီးသော နိုင်ငံ သားစိစစ်ရေးကတ်ပြား(၃၄၁၉)ကတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့်တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာမြို့နယ်များမှ ကိုယ်စားလှယ် များက လက်ခံရယူ ခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်များတွင် နိုင်ငံသားကတ်ပေးအပ်ပွဲ(၄)ကြိမ် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၉၀၃၇)ကတ် ပေးအပ်နိုင်ပြီးဖြစ် ကြောင်းသိရသည်။

ခရိုင် ပြန်/ဆက်