တနင်္သာရီမြို့တွင် ပြင်ပလူနာ(၁၅၅)ဦးအား RDT ဖြင့်စစ်ဆေးရာ လူနာသစ်(၂၉)ဦးတွေ့ရှိသဖြင့် လူနာပေါင်း (၂၉၉)ဦးဖြစ်လာ

တနင်္သာရီ စက်တင်ဘာလ ၉

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်း၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကုသရေး ဆေးရုံများအတွင်း ယမန်နေ့က ဖျားခြင်း၊နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့်အနံ့အရသာ ပျောက်နေခြင်း တို့ဖြင့် ဆေးခန်းသို့လာပြသည့် ပြင်ပမှသံယလူနာများနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်းမြင့်တက်နေသည့် ရပ်ကွက်/လမ်းများအတွင်းမှ ထိစပ်သံသယလူနာများ စုစုပေါင်း(၁၅၅)ဦးတို့အား  တာဝန်ခံ ဆရာဝန်များ က ကြီးကြပ်လျက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT-Test Kit ဖြင့်စစ်ဆေးပေးရာ လူနာသစ်(၂၉)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။

၎င်းတို့မှာ မြို့နယ်ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းတွင် ပြင်ပလူနာ(၃)ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT-Test Kit ဖြင့် စစ်ဆေးပေးရာ (၂)ဦးတွင်လည်းကောင်း၊ တကူတိုက်နယ်ဆေးရုံအတွင်း ပြင်ပလူနာ (၁၉)ဦးအား စစ်ဆေးပေးရာ(၁၈)ဦးတွင်လည်းကောင်း၊  တံတားထိပ်စစ်ဆေးရေးဂိတ်၌(၂၀)ဦးအား စစ်ဆေးပေး ရာ(၉)ဦးတွင်လည်းကောင်း၊ အလားတူ မောတောင်တိုက်နယ်ဆေးရုံတွင် ပြင်ပလူနာ (၁၃)ဦးနှင့် ချောင်းငယ်ရပ်ကွက်- သုခလလမ်း+မင်္ဂလာငယ်လမ်းနှင့်ဝဏ္ဏလမ်းအတွင်းမှ ထိစပ်သံသယ လူနာ(၁၀၀)ဦးအား RDT-Test Kit ဖြင့်စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူမရှိဘဲ အားလုံး (Negative) ဖြစ်ကြောင်း၊  သို့ပါ၍ စက်တင်ဘာလ(၈)ရက်နေ့က သံသယလူနာပေါင်း(၁၅၅)ဦးအား ရောဂါပိုးရှိ/မရှိ RDT-Test Kit ဖြင့်စစ်ဆေးပေးရာ(၂၉)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ ရှိကြောင်း သိရှိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသည့် လူနာများအား သက်ဆိုင်ရာ ဆေးရုံနှင့် Positive Crntre များအတွင်း ကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ၊ ၎င်းတို့နှင့်ထိစပ်သည့် မိသားစုဝင်များကိုလည်း နေအိမ်များကို Lock Down ချထားကာ အသွားအလာကန့်သတ်၍ စောင့်ကြပ်ထားရှိကြောင်း၊ သို့ပါ၍ တနင်္သာရီမြို့နယ်အတွင်းရှိ ဆေးရုံ(၃)ရုံရှိ အထူးကြပ်မတ်ကုသဆောင်များနှင့် ပိုးတွေ့လူနာ Positive Centre (၇)ခုအတွင်း စက်တင်ဘာလ(၈)ရက်နေ့အထိ ကုသဆဲကိုဗစ်-၁၉ လူနာအမျိုးသား(၁၃၃)ဦး+ အမျိုးသမီး(၁၆၆)ဦး၊ စုစုပေါင်း(၂၉၉)ဦးရှိပြီး အမျိုးသမီးတစ်ဦးမှာ မြိတ်မြို့ဆေးရုံကြီးသို့ လွှဲပြောင်းပေး ထားကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း