ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အခြေခံစားကုန်ဆန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိ

ပဲခူး သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၏စီစဉ်လမ်းညွှန်မှုဖြင့် ခရိုင် နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ အနီးကပ်ကြီးကြပ် ကာ ဩဂုတ် ၂၃ ရက် ညနေပိုင်းအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာလအတွင်း  ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံစားကုန် ဆန်များအား ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိသည်

ဒေသထွက်ဆန်(၁)ပြည်ပေါက်ဈေး ငွေကျပ်(၁၅၀၀)နှုန်း ဖြစ်သော်လည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆန်(၁)ပြည်လျှင် ငွေကျပ်(၁၀၀၀)နှုန်းဖြင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဆန်အိတ်ပေါင်း(၂၀၀၀၀)အား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရပ်ကွက်/ကျေးရွာ များအတွင်း လှည့်လည်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင် အတွင်းရှိ မြို့နယ်များ(၂၈)မြို့နယ်တွင် အခြေခံစားကုန်များဖြစ်သည့် ဆီနှင့် ကြက်သွန်၊ ငရုတ်သီးများ ကိုလည်း ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

မျိုးမင်းထွန်း