ကျောက်တော် ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းတန်းနှင့် အသား/ငါးရောင်းချသောနေရာများတွင် ယနေ့ နံနက် ၈ နာရီက We Love Kyauk Taw လူမှုပရဟိတအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် We Love Kyauk Taw လူမှုပရဟိတအဖွဲ့မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုမှ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း ဈေးရောင်းချသူများနှင့်ဈေးဝယ်လာရောက်ကြ သူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်စေပြီး တစ်ဦးနှင့်တစ်ဦးအနည်းဆုံး ခြောက်ပေ အကွာမှသာ ရောင်းချကြရန်နှင့် ရောဂါဆက်လက် ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် မြို့မဈေးကြီး အတွင်းရှိ အသား/ငါးတန်းနှင့်ဟင်းသီးဟင်းရွက်ဈေးများအား မြို့မဘောလုံးအားကွင်း၌ ယာယီ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကျောက်တော်မြို့အတွင်းရှိ ယခင်မြို့မ ဈေးဟောင်းရှိ သား/ငါးတန်းနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချနေသောနေရာနှင့်ဈေး မြစ်ဆိပ် ကမ်းအနီးရှိအမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ We Love Kyauk Taw လူမှုပရဟိတအဖွဲ့၊ ကဝိရတနာမြို့သစ်သိမ်ကျောင်း၊ ရှမ်းရွာသိမ်ပြင်စသော တိုက်ပွဲရှောင်များမှ တိုက်ပွဲရှောင်ပြည်သူများ ပူးပေါင်းပြီး မြို့မဈေးဟောင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ လူသွားလူလာလမ်းများရှိ ကျောက်တုံးများ၊ သစ်တုံးများဖယ်ရှားလင်းခြင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း (ပြန်/ဆက်)