မိုင်းယောင်းမြို့တွင် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မရှိမဖြစ်လိုအပ်သော လူသုံးကုန် ပစ္စည်းများ မတန်တဆကြီးမြင့်မှု မရှိစေရေး စစ်ဆေး

မိုင်းယောင်း ဩဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများ မတန်တဆ ကြီးမြင့်မှု မရှိစေရေးအတွက် ယနေ့တွင် မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကြပ်မတ်စစ်ဆေးခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ ရဲအုပ်မင်းမင်းအောင်၊ ကျန်းမာရေး၊ စည်ပင်နှင့် မြို့နယ်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စိစစ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီဝင်များက အမှတ်(၂)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား စစ်ဆေးခဲ့ရာ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများ မတန်တဆရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ဆေးနှင့် ဆေးပစ္စည်းများ မတန်တဆကြီးမြှင့်ရောင်းချခြင်းမပြုရန်၊ ဆေးဆိုင်များ ဖွင့်လှစ် ရောင်းချရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်၊ အသိပေးချက်များကို အားလုံးကိုယ်စီ လိုက်နာပေးကြပါရန် ပညာပေး ဆွေးနွေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း