“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

ဟိုပန် ဩဂုတ်၂၄

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး လုပ်ငန်းများ၌ အသုံးပြုရန်အတွက် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်း/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များ၊ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ လှူဒါန်းပွဲတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ပစ္စည်းများလှူဒါန်းခြင်းအတွက် အလှူရှင်များအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ထို့နောက် ဘဝ ပြုစုပျိုးထောင်ရေးအသင်း(လောက်ကိုင်)မှ Test Kit (၁၂၅)ခု၊ PPE ဝတ်စုံ(၄၀၀)စုံ၊ ဦးခင်မောင်လွင် (အဖွဲ့ဝင်၊ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့)က အောက်ဆီဂျင်အိုး 40L(၂၀)လုံး၊ ဦးကျောက်တယ်ချန်(လောက်ကိုင်)က အလှူငွေ(၁၀)သိန်းကျပ်နှင့် ကိုးကန့်ယဉ်ကျေးမှုအဖွဲ့(ဟိုပန်)က Oxygen Concentrator(၃)လုံး တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြည့်ကိုကိုက လက်ခံရယူခဲ့ပြီး ဥက္ကဋ္ဌ ဦးညီနပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။