ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာ ရေဝင်ရောက်သဖြင့် ရေလွတ်ရာသို့ပြောင်းရွေ့

သပိတ်ကျင်း  သြဂုတ် ၂၄

ယခင်ရက်များက ဧရာတီမြစ်အထက်ပိုင်း မိုးရွာသွန်းမှုများကြောင့် မြစ်ရေမြင့်တက်ကာ သပိတ်ကျင်းမြို့နယ် အတွင်းရှိ တွင်းငယ်ကျေးရွာ၌ မြေနိမ့်ပိုင်းရှိ အိမ်ထောင်စုများ ရေဝင်ရောက်မှုကြောင့်  သြဂုတ်လ (၂၃)ရက်နေ့တွင် အိမ်ထောင်စု (၅၁)စု အား ရေလွတ်ရာသို့  ပြောင်းရွေ့ပေးထားကြောင်း သိရသည်။

 ဧရာဝတီမြစ်ရေသည် နံနက်ပိုင်းတွင် (၁၃၅၃)စင်တီမီတာသို့ ရောက်ရှိခဲ့သောကြောင့် တွင်းငယ်ကျေးရွာ မြေနိမ့်ပိုင်းမှ အိမ်ထောင်စု (၂၉)စု လူဦးရေ (၁၆၀)ဦးနှင့် အိမ်မွေးတိရစာ္ဆန်တို့အား နှစ်စဉ်ပြောင်းရွေ့နေကြဖြစ်သည့်  အမကကျောင်းဟောင်းမြေနေရာနှင့် ဇရပ်(၈)တို့တွင် ပြောင်းရွေ့နေရာထားပြီး မြစ်ရေသည် ဆက်လက်၍(၁၃၆၅) စင်တီမီတာသို့ မြင့်တက်လာသောကြောင့် နောက်ထပ် အိမ်ထောင်စု (၂၂)စု လူဦးရေ (၁၀၆)ဦးနှင့် အိမ်မွေးတိရိစာ္ဆန်တို့အား နန္ဒမာလာရာမဘုန်းတော်ကြီးကျောင်းတွင်းလည်းကောင်း ပြောင်းရွေ့ပေးခဲ့ရကြောင်း သိရသည်။

 ဧရာမြစ်ရေမြင့်တက်ကာ မြေနိမ့်ပိုင်းနေအိမ်များ မြစ်ရေဝင်ရောက်ခဲ့သည့် တွင်းငယ်ကျေးရွာသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုပြီး     လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြောင်းရွေ့ပေးခဲ့ရသည့် အိမ်ထောင်စု (၅၁)စုမှ လူဦးရေ (၂၆၆)ဦးတို့အတွက် Mask များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 စိုးနိုင်ဝင်း(သပိတ်ကျင်း)