ဟိုပင် သြဂုတ် ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံများ နှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့နံနက် ၁၀ နာရီက မိုးညှင်းဆေးရုံ အခြေပြု ကာကွယ်ဆေးထိုးအဖွဲ့မှ ဟိုပင်မြို့သို့ ကွင်းဆင်း ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများအတွင်းရှိ ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာဖွံ့ဖြိုးဉာဏ်ရည် တိုးစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက် ပေးသည့်အပြင် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဘီစီဂျီ၊ ရိုတာ၊ ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့် ရောဂါကာကွယ်ဆေး ထိုးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မိခင်နှင့်ကလေးများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန်များ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် လက္ခဏာများ အကြောင်းကို အသိပညာပြောကြားခဲ့ကြောင်း သိရသည်။
တိုးတိုးမေ