မကွေး ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask အခုရေ (၅)သန်းအား ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုကြောင့် မကွေးမြို့ပေါ်တွင် ပိုးတွေ့လူနာများ လျော့နည်းလာပြီ ဖြစ်သော်လည်း အချို့မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများတွင် နှာခေါင်းစည်း Mask တပ်ဆင်မှုအားနည်း ခြင်းကြောင့် ပိုးတွေ့ရှိမှုနှုန်းမြင့်မားလျက်ရှိကြောင်း တွေ့ရှိရသဖြင့် ပိုးတွေ့မှုနှုန်းလျော့ချကာကွယ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း Mask ဗူး (၁) သိန်း၊ အခုရေ (၅)သန်းအား ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှတဆင့် ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်း အနည်းငယ်လျော့နည်း လာပြီဖြစ်သော် လည်း ထပ်မံကူးစက်မှုများ ရှိနေဆဲဖြစ်ပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံ ရသူ (၂၆၃) ဦးရှိပြီး ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၈၉၁၂) ဦး၊ သေဆုံးသူစုစုပေါင်း (၈၇၁) ဦး၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက်ဆေးဝါး ကုသမှုခံယူနေသူ (၃၆၅၄) ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှပြန်လည်ဆင်းခွင့်ရရှိသူ (၁၄၃၈၇)ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကိုအောင်