ကျောက်တန်း ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအတွက် အောက်ဆီဂျင် လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်နှင့် အောက်ဆီဂျင်လိုအပ်မှုကြောင့် အသက်ဆုံးရှုံးမှုများမဖြစ်စေရန်အတွက် ရည်ရွယ်၍ အလှူရှင်မှ လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံအား ဩဂုတ်လ ၂၂ရက်နေ့ ညနေပိုင်းက စတင်လည်ပတ်ကာ အောက်ဆီဂျင်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံအား ကျောက်တန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ထားရှိခြင်းဖြစ်ပြီး မြို့နယ် အတွင်းရှိ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ပြည်သူများသို့ (အခမဲ့)ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။၎င်း အောက်ဆီဂျင်စက်ရုံသည် တစ်နေ့လျင် အောက်ဆီဂျင် ၄၀ လီတာအိုး ၈၀ လုံးခန့် ထုတ်ပေးနိုင်ပြီး ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များအား အဆင်ပြေစွာ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ကျောက်တန်းမြို့နယ်မှာဆိုရင် အောက်ဆီဂျင်စက်ရုံ ၂ ရုံတည်ဆောက်လျက်ရှိပါတယ်၊ ဒီစက်ရုံ ကတော့ အလှူရှင်မောင်နှမတစ်စုက လှူဒါန်းခြင်းဖြစ်ပါတယ်၊ နောက်စက်ရုံတစ်ခုကတော့ ပြည်သူများစုပေါင်း လှူဒါန်းမှုဖြင့် ကိုဗစ်-၁၉ ယာယီကုသရေးစင်တာဆောင်ရွက်ထားတဲ့ ရွှေမှော်ဝန်းသာသနာ့ဗိမာန်ဝင်းအတွင်းမှာ ယခုလက်ရှိ တည်ဆောက်နေဆဲဖြစ်ပါတယ် ၊မကြာခင်စက်ရုံလည်ပတ်ပြီး အောက်ဆီဂျင်ထုတ်လုပ်ပေးနိုင်ရေး ကြိုးစား ဆောင်ရွက်နေပါတယ်”ဟု အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးကပြောကြားသည်။
ကျောက်တန်းမြို့နယ်တွင်ယခုလက်ရှိအချိန်အထိပိုးတွေ့အတည်ပြုလူနာ ၄၃၅ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ ၃၂၉ ဦး၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူ ၇၃ ဦးနှင့် သေဆုံးသူ ၃၃ ဦးရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)