မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ထုတ်ပေးလျက်ရှိ

မိုးညို သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၇:၀၀ နာရီမှ စတင်၍ နေ့လည် ၂:၀၀ နာရီအထိ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း   သိရသည်။

မိုးညိုမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူ (၁၂၁၀) ဦးရှိပြီး ယနေ့တွင် ပင်စင်စား ၃၀၀ ဦးခန့်အား ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အငြိမ်းစားပင်စင်စား လစာငွေများကို မြို့ပေါ်/ ကျေးရွာအုပ်စုများအား နေ့အလိုက် ထုတ်ပေးမည့်အစီအစဉ် ကြေညာထားသော်လည်း လာရောက်ထုတ်ယူသည့် ပင်စင်စားမည်သူ့ကိုမဆို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လာရောက် မထုတ်ယူနိုင်သေးသူများကိုလည်း ရုံးဖွင့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင် လာရောက်ထုတ်ယူသူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကူးစက်ပျံနှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်စေခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ရေးတို့ကို မြို့နယ်ကြက်​ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။