ကျောက်တန်း ဩဂုတ် ၂၄
ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုမြန်ဆန်ပြီး သေဆုံးမှုများလည်း မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများအား ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်း မြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ သတ်မှတ်နေရာ ၄ နေရာတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm ) ကို လူဦးရေ ၄၀၀၀ ဦးအား ထိုးနှံပေးခဲ့ပြီး ယခုအခါ ဒုတိယသုတ်အဖြစ် မနက်ဖြန် နံနက် ၁၀ နာရီ တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိုးနှံမှုတွင် ကျောက်တန်းမြို့ အမှတ်(၁) အခြေပညာအထက်တန်းကျောင်း၊ တံတားမြို့တိုက်နယ်ဆေးရုံ၊ မီးပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ကမာကလုတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အခု ဒုတိယသုတ်အနေနဲ့ ဆေးထိုးရန်ကျန်ရှိနေတဲ့ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများကို ဦးစားပေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ပထမ အသုတ်က လူဦးရေ ၄၀၀၀ ဦးကို ထိုးနှံပေးခဲ့ပြီး ဒုတိယသုတ်မှာတော့ လူဦးရေ ၃၀၀၀ ကျော်ကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ အဲဒီလို ထိုးနှံတဲ့အခါမှာတော့ ယခင်ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူတွေ၊ လတ်တလောဖျားနာနေသူတွေ၊ ကိုဗစ်သံသယနဲ့ ၂ ပတ်အတွင်း ဖျားနာပြီးသူတွေ၊ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိစပ်ပြီး Home Quarantine နေထိုင်နေသူတွေကတော့ ကာကွယ်ဆေးထိုးနှံခြင်း မပြုရပါဘူး၊ အခု ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူတွေအနေနဲ့ကလည်း သက်ဆိုင်ရာ မိမိတို့ရဲ့ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှာ စာရင်းပေးသွင်းနိုင်ပါတယ်” ဟု မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၃၅ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၃၂၉ ဦး၊ ဆေးကုသမှုခံယူနေသူ ၇၃ ဦး နှင့် သေဆုံးသူ ၃၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။