ဟိုပန် ဩဂုတ် ၂၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်၉နာရီခွဲ အချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အလှူရှင် လောက်ကိုင်မြို့ “အိုက်ပေါင်းပေးဖောင်ဒေးရှင်း ” မှ တာဝန်ရှိသူတစ်ဦးက ဖောင်းဒေးရှင်း၏ရည်ရွယ်ချက်၊ လုပ်ငန်းဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို အသိပေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှုအသေးစိတ်ကိုလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြည့်ကိုကိုက ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှုကိုရှင်းလင်းတင်ပြခဲ့သည်။ယင်းနောက် “အိုက်ပေါင်းပေးဖောင်းဒေးရှင်း”မှ ဆရာဝန်များကလောက်ကိုင်ဒေသတွင် ကိုဗစ်ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုအခြေအနေတို့ကို အသိပေးမျှဝေခဲ့ပြီးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေကိုသိရှိနိုင်ရန် လောက်ကိုင်သို့ လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့ပါသည်။
ထို့နောက် “အိုက်ပေါင်းပေးဖောင်ဒေးရှင်း”က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် Mask (၂၅)ဖာ၊ Face Shield (၁)ဖာ၊Hand Spray (၂၂)ဖာ၊မျက်မှန်(၁)ဖာ၊ ခြေစွပ်(၁)ဖာ၊ လက်အိတ်(၁)ဖာ၊ ခေါင်းစွပ်(၁)ဖာတို့ကို ပေးအပ်လှူဒါန်းရာမြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြည့်ကိုကိုက လက်ခံရယူပြီး ဥက္ကဋ္ဌ ဦးညီနပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်