ကန့်ဘလူမြို့မစျေးတွင် ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကန့်ဘလူ   ဩဂုတ်  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မစျေးတွင် ဖွင့်လှစ်ရောင်းချ နေသော စျေးသူစျေးသားများ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များသည် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးကောင်းမြင့်သူ၊ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးစိုးလွင်၊ မြို့မစျေးတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့မစျေးအတွင်းအပြင်၌ ဖွင့်လှစ်ရောင်းချနေမှု အခြေအနေ များကိုလိုက်လံ ကြည့်ရှုစစ်ဆေးပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် သား၊ ငါး၊ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်များ၊ ဘုရားပန်းများရောင်းချနေသည့် စျေးသည်များအား မြို့မစျေး၏မြောက်ဘက် မြေကွက်လပ်၌ ခြောက်ပေခြားပြုလုပ်၍ သတ်မှတ်နေရာများတွင် ရောင်းချနိုင်ရေးပြုလုပ်ဆောင်ရွက်ပေးရန်၊ အခြားကုန်ပစ္စည်း အရောင်းဆိုင်များကိုလည်း နံနက် ၅ နာရီမှ ၁၁ နာရီအတွင်းသာ ရောင်းချ၍ပိတ်သိမ်းရေး ကြပ်မတ်ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း  သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)