မောင်တော ဩဂုတ် ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံနှင့် ယာယီသီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများအနက်မှ ၄ ဦးအား ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၄ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူများအား တာဝန် ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးရုံဆင်း လူနာများသည် မိမိ နေအိမ်တွင် (၇) ရက် အသွားအလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ရာ ဆက်လက်ဆောင်ရွက် ရမည့် လမ်းညွန်ချက်များအား တိကျစွာ လိုက်နာကြဖို့မှာကြားခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ကြောင်း သိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဩဂုတ် ၂၁ ရက်နေ့ ညနေ ၅ နာရီ အချိန်ထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၄၇၄)ဦးရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများအနက် (၄၅၀)ဦးမှာ ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၁၈)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံယူနေသူ (၆) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်လွင်စိုး