မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းကမှာ ယူတင်သွင်းလာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိ

ရန်ကုန် သြဂုတ် ၂၂

 

မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများ အသင်းချုပ်က မှာယူတင်သွင်းလာသော Sinophram ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၇ သိန်းနှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည့် စင်းလုံးငှား လေယာဉ်သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ၇ သိန်းနှင့် ဆက်စပ်ပစ္စည်းများကို လေယာဥ်ပေါ်မှ အအေးခန်းကားပေါ်သို့ ရွှေ့ပြောင်းနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်း ရေးမှူးချုပ်  ဦးအေးဝင်း ၊မြန်မာနိုင်ငံတရုတ်ကုန်သည် ကြီးများအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်း တို့က သွားရောက်ကြည့်ရူစစ်ဆေးပြီး လိုအပ်သည့်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါရောက်ရှိလာသည့်ဆေးများနှင့် ဆက်စပ်ပစ္စည်းများကိုကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်အတိုင်း အအေးလမ်းကြောင်း မပြတ်စေရေး လေဆိပ်သို့ ရောက်ရှိလာသည့်နှင့်တစ်ပြိုင်တည်း အချိန်နှင့်တစ်ပြေးညီအအေးခန်းကားများဖြင့် သယ်ဆောင် ၍  AA Medical Product Limited ၏ သာကေတ စက်မှုဇုန်ရှိ ဆေးသိုလှောင်ရုံနေရာသို့ ညတွင်းချင်း သယ်ဆောင်ကာ စနစ်တကျ ထိန်းသိမ်း သိုလှောင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆန်းကျော်ဦး